Skip to content

Latest commit

 

History

History
186 lines (126 loc) · 41.8 KB

README-Myanmar.md

File metadata and controls

186 lines (126 loc) · 41.8 KB

MyanmarSignWriting-Fingerspelling-Keyboards

လက်သင်္ကေတ ဘာသာစကား (sign language) က နားမကြားသူများ၊ အကြားအာရုံချို့တဲ့သူများ၊ အပြောဆိုင်ရာမသန်စွမ်းသူနဲ့ နားလည်းမကြား စကားလဲ မပြောနိုင်သူတွေ အတွက် မရှိမဖြစ်လိုအပ်သော ဘာသာစကား တစ်ခုဖြစ်ပါတယ်။ လက်သင်္ကေတ ဘာသာစကားကို စာလုံးအနေနဲ့ ရေးသားလို့ရအောင်သုံးတဲ့ လက်သင်္ကေတ အရေးအသား (SignWriting) ဆိုတာရှိပါတယ်။ SignWriting ကို တီထွင်ခဲ့တဲ့ ဗဲလ်ရီ ဆာတန် (Valerie Sutton) ကိုအစွဲပြုပြီးတော့ Sutton SignWriting လို့လည်းခေါ်ပါတယ်။ ဘဲလေးအကသူ ဖြစ်ခဲ့သူ ဗဲလ်ရီ ဆာတန်က ၁၉၆၀ ဝန်းကျင်မှာ ကကွက်တွေကို စာအုပ်မှာ မှတ်သားရတာကို အဆင်ပြေဖို့ Dance Writing ကို တီထွင်ဖန်တီးခဲ့ပြီး၊ အဲဒီနောက်ဆက်တွဲသုတသန အဖြစ် sign language ကို ရေးသားလို့ရအောင် SignWriting ကို ၁၉၇၄ခုနှစ်မှာ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ လက်သင်္ကေတအရေးအသား (SignWriting) မှာ သုံးတဲ့စာလုံးတွေက လက်ပုံစံ၊ လက်ရဲ့ အနေအထား၊ ခန္ဓာကိုယ်ရဲ့ အနေအထား၊ မျက်နှာအမူအရာ၊ ထိတွေ့မှုပုံစံ၊ လှုပ်ရှားမှု စတာတွေအားလုံးကို သင်္ကေတနဲ့ ကိုယ်စားပြုထားသော ပုံ (iconic symbol) တွေဖြစ်ပါတယ်။ သင်္ကေတစာလုံးအရေအတွက်က SignWriting ယူနီကုတ်ဇယား ကို ညွှန်းပြီးပြောရရင်၊ စုစုပေါင်း ၆၇၁ လုံး (1D800 ကနေ 1DAAF အထိ ၆၈၇ လုံးစာ နေရာယူထားပြီး၊ ၁၆ လုံးစာက လက်ရှိမှာ ကွက်လပ် ဖြစ်နေလို့) ရှိပါတယ်။ အဲဒီ SignWriting သင်္ကေတတွေက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သုံးနေကြတဲ့ နားမကြားသူများရဲ့ sign language အားလုံးကို စာလိုရေးသားနိုင်အောင် နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ထားတာကြောင့် မြန်မာ လက်သင်္ကေတ ဘာသာစကား (Myanmar sign language) ကိုလည်း ရေးလို့ရတယ်လို့ ကျွန်တော်တို့က နားလည်ထားပါတယ်။ လက်ရှိ နိုင်ငံပေါင်း ၄၀ကျော်မှာ SignWriting ကို သက်ဆိုင်ရာ sign language အတွက် လေ့လာပြုစုကြ၊ အသုံးပြုနေကြတယ်လို့ သိရှိရပါတယ်။ SignWriting ကိုစိတ်ပါဝင်စားသူများ စတင်လေ့လာမယ်ဆိုရင် လက်သင်္ကေတအရေးအသား အခြေခံ ညွှန်ကြားချက် လက်စွဲ ကို ဖတ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။ SingWriting ရဲ့ website မှာတော့ SignWriting နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ၊ သင်ရိုးညွှန်းတမ်း စာအုပ်တွေ၊ သုတေသနစာတမ်း၊ ဆွေးနွေးပွဲ စတာတွေအားလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာနိုင်ပါတယ်။

မြန်မာ လက်သင်္ကေတ ဘာသာစကား (Myanmar sign language) အတွက် SignWriting နဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တာက ကျွန်တော်တို့ အဖွဲ့က ပထမဆုံးလို့ ယူဆပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာ လက်သင်္ကေတဘာသာစကားကို SignWriting နဲ့ ရေးလို့ ရတယ်ဆိုတာကို မြန်မာ နားမကြား အဖွဲ့အစည်းတွေ နဲ့ ကျောင်းတွေကို မိတ်ဆက်ပေးရန်နဲ့ တကယ်တမ်း သုံးလို့ ရလာဖို့အတွက် ပြင်ဆင်ရမဲ့ အပိုင်းတွေကို သုတေသနအနေနဲ့ ကျွန်တော်တို့ လုပ်နိုင်တာတွေကို လုပ်ဆောင်သွားကြဖို့ပါ။ ဒီ GitHub repository မှာ တင်ပေးထားတာက SignWriting သင်္ကေတအားလုံးကို ရိုက်ဖို့အတွက် ကီးဘုတ်မဟုတ်ပဲ၊ မြန်မာ လက်သင်္ကေတ ဘာသာစကားထဲက Fingerspelling စာလုံးတွေကို SignWriting စာလုံးတွေနဲ့ ရိုက်လို့ ရဖို့အတွက် စီစဉ်ထားတဲ့ ကီးဘုတ်လက်ကွက် နှစ်ခု ဖြစ်ပါတယ်။ Fingerspelling ဆိုတာကို ပထမဆုံး ကြားဖူးလို့၊ မသိသေးသူများအတွက် ခပ်တိုတိုရှင်းပြရရင်၊ စကားလုံးတစ်လုံးရဲ့ စာလုံးတစ်လုံးချင်းစီကို လက်နဲ့ ပေါင်းပြတာကို ခေါ်တာပါ။ မြန်မာ Fingerspelling ဆိုတာက မြန်မာစကားလုံး တစ်လုံးထဲမှာသုံးထားတဲ့ မြန်မာစာလုံး (ကကြီး၊ ခကွေး၊ သရ စတဲ့ စာလုံး) တွေကို တစ်လုံးချင်းစီ လက်သင်္ကေတစာလုံးနဲ့ပေါင်းပြတာ ဖြစ်ပါတယ်။ ဥပမာ "ဇမ်ဘီယာ" ဆိုတဲ့ နိုင်ငံနာမည်ကို "ဇ မ ် ဘ ီ ယ ာ" ဆိုပြီးတော့ သက်ဆိုင်ရာ မြန်မာ fingerspelling လက်သင်္ကေတကိုသုံးပြီး စာလုံးပေါင်းပြတာမျိုးကို ဆိုလိုပါတယ်။ Fingerspelling က sign language ထဲက အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတာကို မြန်မာ လက်သင်္ကေတဘာသာစကား (Myanmar sign language) ကို ဥပမာပေးပြီး ပြောရရင်၊ ပုံမှန်အတိုင်းဆိုရင် အာဖရိကမှာရှိတဲ့ နိုင်ငံတွေရဲ့နာမည်တွေ၊ မြို့နာမည်တွေက မြန်မာ လက်သင်္ကေတဘာသာစကားမှာ မရှိပါဘူး။ အဲဒါကြောင့် အာဖရိကနိုင်ငံ တစ်နိုင်ငံရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောဖို့ လိုအပ်လာတဲ့ အခါမှာ စာလုံးပေါင်းပြရတဲ့ အခါမျိုးတွေ ရှိပါတယ်။ အဲဒီအတွက် fingerspelling ဆိုတာက မရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော် လေ့လာထားသလောက်က fingerspelling ကို sign language ဘာသာစကားအမျိုးမျိုးမှာ နာမည်တွေ (လူနာမည်၊ မြို့နာမည်၊ နိုင်ငံနာမည်၊ ရုပ်ရှင်နာမည် စသည်ဖြင့်) ကို ပေါင်းပြချင်တဲ့ အခါမှာ၊ လက်သင်္ကေတ စကားလုံးမရှိသေးတဲ့ စာလုံးတွေကို ပြောချင်တဲ့ အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ရံဖန်ရံခါမှာတော့ အဓိပ္ပါတွေကို ရှင်းရှင်းလင်းလင်း ပြောပြချင်တဲ့ အခါမျိုးမှာ Sign သင်္ကေတများနဲ့ fingerspelling သင်္ကေတများကို တွဲပြီးသုံးတဲ့ အခါမျိုးလဲ ရှိပါတယ်။

Myanmar-fingerspelling-example

အထက်မှာ ရှင်းပြခဲ့တဲ့ SignWriting သင်္ကေတ စာလုံးတွေကို သုံးပြီး မြန်မာလက်သင်္ကေတဘာသာစကား မှာသုံးတဲ့ မြန်မာ fingerspelling စာလုံးတွေကို ကွန်ပျူတာမှာ ရိုက်နိုင်အောင် လွယ်လွယ်ကူကူနဲ့ အသုံးပြုလို့ရနိုင်မဲ့ ကီးဘုတ်လက်ကွက် နှစ်မျိုးကို ကျွန်တော်တို့ သုတေသနပြုလုပ်ခဲ့ကြပါတယ်။ ဒီ Myanmar SignWriting Fingerspelling Keyboard နဲ့ ပတ်သက်ပြီး လုပ်ခဲ့တဲ့ အလုပ်တွေက ကျွန်တော်က co-supervisor အဖြစ် တာဝန်ယူထားတဲ့ University of Technology (Yatanarpon Cyber City) တက္ကသိုလ်က မဟာတန်းကျောင်းသူ တစ်ဦးဖြစ်တဲ့ မလှိုင်မြတ်နွယ် ရဲ့ မဟာဘွဲ့အတွက် လေ့လာပြုစုနေတဲ့ SignWriting text input interface သုတေသနထဲက အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဒီ ကီးဘုတ် လက်ကွက်နှစ်ခုအတွက် လက်တွေ့ပြင်ဆင်တာ၊ နားမကြားရော၊ နားကြားသူတွေကိုရော ပေးသုံးကြည့်ပြီးတော့ လက်ကွက်မှာ စာလုံးတွေ နေရာချထားပုံတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ အပိုင်း (user study) တွေကိုလည်း မလှိုင်မြတ်နွယ်က အဓိက တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ ဒီကီးဘုတ် လက်ကွက် နှစ်ခုနဲ့ ပတ်သက်တဲ့ ပရိုပိုဇယ်၊ လေ့လာတွေ့ရှိမှု အသေးစိတ်အချက်အလက်တွေကိုတော့ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာ UCSY (University of Computer Studies Yangon) က ဦးစီးကျင်းပခဲ့တဲ့ ICCA2018 conference မှာ တင်ခဲ့တဲ့ စာတမ်း ကို ဖတ်ရှုလေ့လာပါ။

ဆက်လက်ပြီး ဒီ မြန်မာလို README ဖိုင်မှာတော့ ကျွန်တော်တို့က SingWriting သင်္ကေတတွေကို မြန်မာ လက်သင်္ကေတဘာသာစကားရဲ့ fingerspelling တွေအတွက် ဘယ်လို သင်္ကေတတွေကို ရွေးသုံးခဲ့တယ်။ နောက်ပြီးတော့ ကီးဘုတ်လက်ကွက် နှစ်ခုနဲ့ ပတ်သက်ပြီးလည်း ဘယ်လို အယူအဆ (concept) နဲ့ key mapping လုပ်ထားခဲ့တယ်၊ ကီးဘုတ်တွေကို Ubuntu Linux OS ကွန်ပျူတာတွေမှာ ဘယ်လို install လုပ်ရတယ်ဆိုတာတွေကို အကြမ်းမျဉ်း ရှင်းပြသွားပါမယ်။

မြန်မာ လက်သင်္ကေတဘာသာစကား မှာ သုံးတဲ့ လက်နဲ့ပြတဲ့ မြန်မာစာလုံး (Myanmar Fingerspelling) အားလုံးအတွက်ကို SignWriting သင်္ကေတစာလုံးတွေကို သုံးပြီး ဆီလျော်အောင် နေရာချထားခဲ့ပါတယ်။ အင်္ဂလိပ်လို ပြောမယ်ဆိုရင်တော့ character mapping table က အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗျည်း စာလုံးများ

consonant

သရ စာလုံးများ

vowel

အက္ခရာ သင်္ကေတ စာလုံးများ

independent-vowel-1independent-vowel-2

ပုဒ်ထီး၊ ပုဒ်မ နှင့် တခြား သင်္ကေတများ

symbol

ဂဏန်း (သို့) နံပါတ်များ

independent-vowel-2

မြန်မာ SignWriting Fingerspelling ကီးဘုတ်လက်ကွက် နှစ်မျိုး

ပရိုပိုဇယ်အနေနဲ့ ICCA2018 conference မှာ စာတမ်းဖတ် ဆွေးနွေးခဲ့ကြတဲ့၊ အသုံးပြုလို့ ရနိုင်၊ မှတ်မိရလွယ်ကူနိုင်မဲ့ ကီးဘုတ်လက်ကွက် နှစ်မျိုးအနက်၊ တစ်မျိုးကတော့ မြန်မာစာ စာလုံးတွေရဲ့ အသံထွက်ကို အခြေခံထားတဲ့ (phonetic-based) လက်ကွက် ဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ SignWriting သင်္ကေတစာလုံးတွေရဲ့ ပုံစံတူတာကို အခြေခံထားတဲ့ (symbol-based) လက်ကွက် ဖြစ်ပါတယ်။

Phonetic-based ကီးဘုတ်လက်ကွက်

အသံထွက်ကို အခြေခံထားတဲ့ လက်ကွက်ရဲ့ နေရာချပုံကတော့ အရင်ကတည်းက GitHub မှာ ကျွန်တော် တင်ပေးထားတဲ့ မြန်မာစာကီးဘုတ်လက်ကွက် တစ်ခုဖြစ်တဲ့ kKg (ကခဂ) ကီးဘုတ်လက်ကွက် မှာ ရှင်းပြထားတဲ့ အတိုင်းပါပဲ။ အခြေခံအားဖြင့် MSW fingerspelling "ကကြီး" စာလုံးကို အင်္ဂလိပ်စာလုံးပေါင်းရင် "ka" မို့လို့ "k" ကီး၊ "ခကွေး" အတွက်က "kha" မို့လို့ "K (Shift+k)" နေရာမှာ၊ အလားတူပဲ "ဂငယ်" စာလုံးအတွက်က "ga" မို့လို့ "g" ကီးမှာ နေရာချတဲ့ concept ပါ။ စိတ်ပါဝင်စားသူများလေ့လာလို့ရအောင် ကီးနေရာချပုံအသေးစိတ်ကို သက်ဆိုင်ရာ SignWriting ယူနီကုဒ် နံပါတ်တွေပါ ဖော်ပြထားတဲ့ အသံအခြေခံ ကီးလက်ကွက်ဇယားဖိုင် သို့မဟုတ် xkb ကီးဘုတ်လက်ကွက်ဖိုင် ကိုဖွင့်ကြည့်ပြီး လေ့လာပါ။ ကီးဘုတ်လက်ကွက် ပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

phonetic-based-MSW-fingerspelling-keyboard

Symbol-based ကီးဘုတ်လက်ကွက်

သင်္ကေတအခြေခံ ကီးဘုတ်ကတော့ SignWriting သင်္ကေတစာလုံး တွေရဲ့ ပုံသဏ္ဌန်ဆင်တူမှုကို အခြေခံပြီး အုပ်စုဖွဲ့ကာ ကီးဘုတ်လက်ကွက်မှာ နေရာချတဲ့ concept ဖြစ်ပါတယ်။ ဒီ ကီးဘုတ်ကတော့ SignWriting သင်္ကေတစာလုံးတွေ အပေါ်မှာ အခြေခံထားတာဖြစ်လို့ SignWriting သင်္ကေတစာလုံးတွေနဲ့ ရင်းနှီးမှုရှိဖို့ လိုအပ်ပါတယ်။ ကီးနေရာချပုံအသေးစိတ်ကို သက်ဆိုင်ရာ SignWriting ယူနီကုဒ် နံပါတ်တွေပါ ဖော်ပြထားတဲ့ သင်္ကေတအခြေခံ ကီးလက်ကွက်ဇယားဖိုင် သို့မဟုတ် xkb ကီးဘုတ်လက်ကွက်ဖိုင် ကိုဖွင့်ကြည့်ပြီး လေ့လာနိုင်ပါတယ်။ ကီးဘုတ်လက်ကွက် ပုံစံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Symbol-based-MSW-Fingerspelling-Keyboard

မြန်မာကဗျာ နှစ်ပုဒ်ကို SignWriting သင်္ကေတစာလုံးတွေဖြင့် သရုပ်ပြ ရိုက်ပြခြင်း

မြန်မာနိုင်ငံက နားမကြားကျောင်းတွေမှာ အသုံးပြုနေသော Fingerspelling စာလုံးတွေပါ ပါဝင်သော သူငယ်တန်းမြန်မာစာ ဖတ်စာအုပ်ထဲ က ကဗျာသုံးပုဒ်ကို ကီးဘုတ် နှစ်မျိုးနဲ့ တစ်ခေါက်စီ ရိုက်ထားတဲ့ ဗီဒီယို ၆ဖိုင်ကို demo-video လို့နာမည်ပေးထားတဲ့ ဖိုလ်ဒါအောက်မှာ သိမ်းပေးထားပါတယ်။ GitHub ကနေ ဒေါင်းလုဒ်လုပ်ပြီး ဗီဒီယိုဖိုင်တွေကို ဖွင့်ကြည့်နိုင်ပါတယ်။ အွန်လိုင်းကနေ ကြည့်လို့ရအောင် YouTube မှာလည်း upload လုပ်ပေးထားပါတယ်။

ဒီ ဗီဒီယိုတွေက SignWriting သင်္ကေတတွေကို အရင်ရိုက်ပြီးတော့၊ ကိုယ်ပြချင်တဲ့ sign အပေါ်မူတည်ပြီး လက်အနေအထားအလိုက် အနက်ရောင်ဝင်ဖြည့်ပေးမဲ့ fill modifier key တွေ၊ ရိုက်ထားတဲ့ sign ရဲ့ ဦးတည်ဘက် (direction) ကိုပြောင်းပေးမဲ့ rotation modifier key တွေကို ဘယ်လို ပေါင်းစပ်ပြီး အသုံးပြုရတယ် ဆိုတာကို ပထမဆုံး အသုံးပြုမဲ့သူများအတွက် မြင်သာအောင် ဖြည်းဖြည်းချင်းရိုက်ပြထားတာ ဖြစ်ပါတယ်။

phonetic-based ကီးဘုတ်နဲ့ ရိုက်ပြထားတဲ့ ဗီဒီယို

Typing a Myanmar poem with phonetic-based Myanmar SignWriting fingerspelling keyboard

symbol-based ကီးဘုတ်နဲ့ ရိုက်ပြထားတဲ့ ဗီဒီယို

Typing a Myanmar poem with symbol-based Myanmar SignWriting fingerspelling keyboard

Installation လုပ်ပုံလုပ်နည်း

ကျွန်တော်တို့ ပရိုပိုဇယ် ကီးဘုတ်လက်ကွက်နှစ်ခုက Operating system (OS) အကန့်အသတ်မရှိပေမဲ့၊ လက်ရှိမှာတော့ သုတေသန အလုပ်တွေအတွက် အဓိကအသုံးပြုကြတဲ့ OS ဖြစ်ပြီး၊ Open source လည်းဖြစ်လို့ လွတ်လွတ်လပ်လပ် ပရိုဂရမ်ဝင်ရေး၊ OS system အတွင်းပိုင်းတွေကိုလည်း ဝင်ပြင်လို့အဆင်ပြေတဲ့ Linux OS တစ်ခုပေါ်မှာ (Ubuntu OS မှာ) ဘယ်လို install လုပ်ရမလဲဆိုတဲ့ အဆင့်တွေကို ဖော်ပြပေးပါမယ်။

မြန်မာ SignWriting ကီးဘုတ်တစ်ခုကို လက်ကွက်အသစ်တခုအနေနဲ့ ကိုယ့်ရဲ့ ကွန်ပြူတာမှာထည့်ချင်တယ် ဆိုရင် အောက်ပါအစီအစဉ်အတိုင်း လုပ်ဆောင်ပါ။ GitHub ကနေ MyanmarSignWriting-Fingerspelling-Keyboards repository ကို download လုပ်ပြီးသားအခြေအနေနဲ့ ရှင်းပြပါမယ်။ OSရဲ့ ကီးဘုတ်နဲ့ဆိုင်တဲ့ system setting ကိုဝင်ပြင်မှာမို့ ကိုယ့်ရဲ့ user account က sudoers list ထဲမှာ ရှိရပါမယ်။ ဥပမာအနေနဲ့ phonetic-based ကီးဘုတ်ကို installation လုပ်မယ်ဆိုရင် အောက်ပါ အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။

၁။ GitHub ကနေ ကိုယ်ဒေါင်းလုပ်လုပ်ထားတဲ့ path အောက်မှာရှိတဲ့ msw-fs-phonetic ဖိုင်ကို /usr/share/X11/xkb/symbols/ ဖိုလ်ဒါအောက်ကို ကော်ပီကူးပါ။

   sudo cp ~/your-download-path/msw-fs-phonetic /usr/share/X11/xkb/symbols/msw-fs-phonetic

၂။ /usr/share/X11/xkb/rules/ ဖိုလ်ဒါအောက်ကို ဝင်ပါ။

cd /usr/share/X11/xkb/rules

၃။ vi (သို့) emacs (သို့) gedit လို text editor တစ်ခုခုကို သုံးပြီး evdev.xml ဖိုင်ကို ဖွင့်ဖတ်ပါ။

sudo gedit evdev.xml

အောက်ပါ XML content ကို အဆင်ပြတဲ့ တနေရာရာမှာ ဝင်ဖြည့်ပြီး ဖိုင်ကို save လုပ်ပြီး gedit ကနေ ထွက်ပါ။

<layout> 
     <configItem>
       <name>msw-fs-phonetic</name>
       
       <shortDescription>msw fs phonetic</shortDescription>
       <description>MSW Fingerspelling (Phonetic)</description>
       <languageList>
         <iso639Id>mya</iso639Id>
       </languageList>
     </configItem>
     <variantList/>
   </layout> 

၄။ /usr/share/X11/xkb/rules/ ဖိုလ်ဒါအောက်မှာပဲ ရှိတဲ့ evdev.lst ဆိုတဲ့ ဖိုင်ကို ဖွင့်ပြီး အောက်ပါလိုင်းကို ရိုက်ထည့်ပါ။

 msw-fs-phonetic             MSW Fingerspelling (Phonetic)

နောက်ပိုင်း ရှာဖွေတဲ့ အခါမှာ အဆင်ပြေအောင် အက္ခရာ အစီအစဉ်အတိုင်း အထက်ပါ စာကြောင်းကို ရိုက်ထည့်ပါ။ ဥပမာအနေနဲ့ အောက်ပါပုံကို မှီငြမ်းပါ။

Adding in evdev.lst file

၅။ အဆင့်နံပါတ်(၄) ကို လုပ်ဆောင်တာက အဆင်ပြေပြေနဲ့ ပြီးသွားပြီဆိုရင်၊ နောက်တစ်ဆင့်က ကိုယ်စာရိုက်ချင်တဲ့ အချိန်မှာ text input method တစ်ခုအနေနဲ့ ခေါ်ယူအသုံးပြုနိုင်ဖို့အတွက် System က သိအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကိုတော့ GUI စကရင် (သို့) ကိုယ်အသုံးပြုနေတဲ့ Ubuntu Desktop ရဲ့ ညာဘက်ထောင့်ဆုံးက "စက်သွားပုံ အိုင်ကွန်း" ကို ကလစ်နှိပ်ပြီး ကျလာတဲ့ "selection menu" ကနေ "System Settings..." ကိုရွေးလိုက်ရင် အောက်ပါ dialogue box ကို မြင်ရပါလိမ့်မယ်။ အဲဒီ dialogue box ကို မြင်ရပြီဆိုရင်၊ "Personal" ဆိုတဲ့ အုပ်စုအောက်မှာရှိတဲ့ "Text Entry" ဆိုတဲ့ အိုင်ကွန်းကို နှိပ်လိုက်ပါ။

System Dialogue Box

၆။ အောက်ပါ ပုံစံမျိုး Text Entry Dialogue Box ကို မြင်ရပြီဆိုရင်၊ လက်ရှိ ကိုယ်ရဲ့ စက်မှာ အသုံးပြုနေတဲ့ စာရိုက်နည်း (သို့) ကီးဘုတ် နာမည် တွေကိုပြနေတဲ့ list box အောက်ဖက်မှာ ရှိတဲ့ "+-" (plus minus) လို့တွဲပြနေတဲ့ ခလုပ်ကို "+" အခြမ်းဘက်ကို မောက်(စ်) ပွိုင်တာကို ဂရုစိုက်ရွှေ့ပြီး နှိပ်လိုက်ပါ။ ဒီနေရာမှာ "+" (plus) က စာရိုက်နည်း အသစ်တခုကို ထည့်မယ်လို့ ဆိုလိုပြီး၊ "-" (minus) ကတော့ လက်ရှိရွေးထားတဲ့ (highlight ဖြစ်နေတဲ့) စာရိုက်နည်းကို ဖြုတ်မယ် ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။

၇။ "Choose an input source" ဆိုတဲ့ dialogue box မှာ "MSW Fingerspelling (Phonetic)" ဆိုတာကို ရွေးပြီး "Add" button ကို နှိပ်ပါ။

၈။ အထက်မှာ ရှင်းပြခဲ့တဲ့ အဆင့်တွေအားလုံးကို လုပ်ဆောင်ပြီးသွားရင် Myanmar Signwriting fingerspelling သင်္ကေတတွေကို ရိုက်ဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီ။ အရင်ဆုံး ကိုယ်ရိုက်ချင်တဲ့ text editor တစ်ခုခုကို ဖွင့်ပါ။ ကျွန်တော်တို့ကတော့ LibreOffice Writer ကို အသုံးပြုပါတယ်။ LibreOffice Writer ပရိုဂရမ်က တက်လာပြီဆိုရင်၊ စာမျက်နှာ အသစ် တစ်ခုကို ဖွင့်ယူပါ။ ပြီးရင်တော့ GUI စကရင် (သို့) ကိုယ်အသုံးပြုနေတဲ့ Ubuntu Desktop ရဲ့ ညာဘက်အပေါ်မှာ ပေါ်နေတဲ့ လက်ရှိရွေးထားတဲ့ စာရိုက်နည်း (သို့) ကီးဘုတ်လက်ကွက် နာမည် (ဥပမာ အင်္ဂလိပ်စာအတွက် ဆိုရင် En) ရှိတဲ့ နေရာဆီကို မောက်(စ်) ပွိုင်တာကို ရွှေ့ပြီး ကလစ်နှိပ်လိုက်ရင် အောက်ပါပုံကဲသို့ selection menu ပေါ်လာပါလိမ့်မယ်။ အဲဒီ selection menu မှာ "MSW Fingerspelling (Phonetic)" ဆိုတာကို ရွေးပါ။ ရွေးပြီးရင်တော့ LibreOffice Writer မှာ SignWriting သင်္ကေတတွေကို ရိုက်လို့ ရပါပြီ။

အသုံးပြုချင်တဲ့ စာရိုက်နည်း (သို့) ကီးဘုတ်လက်ကွက်ကို GUI စကရင်ကနေ မဟုတ်ပဲ၊ သတ်မှတ်ထားတဲ့ shortcut key နဲ့ လည်း ရွေးချယ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်က "Super" ကီးနဲ့ "Space Bar" ကိုတွဲနှိပ်ပြီး ပြောင်းလို့ရပါတယ်။ အဆင့် နံပါတ်(၆) မှာ ပြထားတဲ့ Dialogue Box ပုံကို မှီငြမ်းပါ။ ဒီနေရာမှာ "Super" ကီးဆိုတာက ပုံမှန် PC ကီးဘုတ်မှာဆိုရင် ဘယ်ဘက်အောက်ဆုံးမှာ ရှိတဲ့၊ Ctrl ကီးနဲ့ Alt ကီးနှစ်ခုကြားက Windows OS Logo နဲ့ ပြထားတဲ့ Windows key ကီးကို ဆိုလိုတာပါ။ Apple ကွန်ပြူတာကီးဘုတ်မှာဆိုရင်တော့ ⌘ Command ကီး ဖြစ်ပါတယ်။ ကိုယ်ရဲ့ ကွန်ပြူတာမှာ လက်ရှိအသုံးပြုနေသော ကီးဘုတ် အရေအတွက် ပေါ်မူတည်ပြီး၊ ကိုယ်အသုံးပြုချင်သော ကီးဘုတ်လက်ကွက်ဆီကို ရောက်ရှိရန် "Super key" + "Space bar" (သို့) " Shift key" + "Super key" + "Space bar" (လက်ရှိရောက်နေတဲ့ ကီးဘုတ်လက်ကွက်ကနေ နောက်ကို ပြန်ဆုတ်ရန်) အတွဲတွေကို တစ်ခါထက်ပိုပြီး နှိပ်ရကောင်း နှိပ်ရနိုင်ပါတယ်။

သတိပြုရန်။ ။ ကိုယ်အသုံးပြုနေတဲ့ Linux OS distributions အပေါ်မူတည်ပြီး၊ base.lst, base.xml, xfree86.lst နဲ့ xfree86.xml ဖိုင်တွေကိုလည်း ဝင်ပြင်ဆင်ပေးဖို့ လိုအပ်တဲ့ အခါမျိုးလည်း ရှိနိုင်ပါတယ်။ နောက်တချက်က ကိုယ်အသစ်ထည့်သွင်းလိုက်တဲ့ ကီးဘုတ်လက်ကွက် ကို OS က သိဖို့အတွက် reboot လုပ်ပေးရတဲ့ အခါမျိုးလည်း ရှိပါတယ်။

Windows OS အတွက်

Windows OS မှာ အသုံးပြုလို့ ရအောင် Sutton SignWriting မြန်မာ Fingerspelling ကီးဘုတ် ဝင်းဒိုးဗားရှင်းကို ၂၅ရက် ၈လ ၂၀၂၀ မှာ release လုပ်ပေးခဲ့ပါတယ်။
Check: https://github.com/ye-kyaw-thu/MyanmarSignWriting-Fingerspelling-Keyboards/tree/master/WindowsOS

Typing demo video on Windows OS: https://github.com/ye-kyaw-thu/MyanmarSignWriting-Fingerspelling-Keyboards/tree/master/WindowsOS/demo-video

Draft guide of developing a new SignWriting keyboard layout by using KeyMan Desktop: https://github.com/ye-kyaw-thu/MyanmarSignWriting-Fingerspelling-Keyboards/blob/master/WindowsOS/creating-keyboard-draft.pdf

လိုင်စင်

MIT License

ကျေးဇူးတင်မှတ်တမ်း

ဤသုတေသန လုပ်ငန်းစဉ်များအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသော မန္တလေး နားမကြားသောကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ဤသုတေသနကို လက်ရှိအတိုင်းအတာထိ အောင်မြင်စွာပြီးစီးရန်အတွက်၊ ကုန်ကျငွေ တစိတ်တပိုင်းအတွက် ထောက်ပံ့ကြေးငွေချီးမြှင့် ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ဖတ်ကြားခဲ့သော သုတေသနစာတမ်း

Myanmar SignWriting fingerspelling ကီးဘုတ်ကို အသုံးပြုတဲ့အခါ (သို့) မြန်မာ လက်သင်္ကေတအရေးအသား (SignWriting) စာရိုက်နည်းသုတေသနအတွက် မှီငြမ်းတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သုတေသနအလုပ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ အောက်ပါ ICCA2018 conference စာတမ်းကို ကျောရိုးအင်အားစုအဖြစ် ဖော်ပြပေးပါ။

Conference Paper:
Hlaing Myat Nwe, Ye Kyaw Thu, Hnin Wai Wai Hlaing, Swe Zin Moe, Ni Htwe Aung , Hnin Aye Thant , Nanda Win Min, "Two Fingerspelling Keyboard Layouts for Myanmar SignWriting", In Proceedings of ICCA2018, February 22-23, 2018, Yangon, Myanmar, pp. 290-298. Paper

Journal Paper:
Hlaing Myat Nwe, Ye Kyaw Thu, Hnin Aye Thant, "Myanmar SignWriting Keyboard Mapping Layout for Fingerspelling", Journal of Intelligent Informatics and Smart Technology, April 1st Issue, 2020, pp. 45-52. (submitted December 21, 2019; accepted March 6, 2020; revised April 25, 2020; published online April 30, 2020) Paper

SignWriting Symposium 2018 မှာ လုပ်ခဲ့တဲ့ presentation ဗီဒီယို

Presentation video and slide of MyanmarSignWriting fingerspelling keyboards proposal

မှီငြမ်း (Reference)

Wikipedia of SignWriting: https://en.wikipedia.org/wiki/SignWriting
Youtube Video of "Valerie Sutton Tells Her Story ...": https://www.youtube.com/watch?v=xzYW8_Br2MM
Sutton SignWriting Unicode standard (version 10.0): https://unicode.org/charts/PDF/U1D800.pdf
kKg Myanmar Keyboard Layout: https://github.com/ye-kyaw-thu/kKg-Myanmar-Keyboard
Keyman Desktop: https://keyman.com/desktop/